ဝါသနာကနေ ငွေမရှာနိုင်တဲ့အခါ... ဒါနဲ့ပတ်သက်ပြီး စိတ်ခံစားချက်တွေ ပြင်းထန်ဖူးတယ်၊ ကိုယ်က ပန်းချီဆွဲရတာ ကြိုက်တာကိုး၊ ငယ်ငယ်ကလေးဘဝတုန်းက ပုံတွေတအားဆွဲခဲ့တာ၊ တဖြည်းဖြည်းအသက်ကြီးလာတော့ ပုံဆွဲတာကနေ အဆက်ပြတ်သွားရာကနေ ကိုဗစ်ကာလမှာ ပန်းချီနဲ့ ပြန်ထိတွေ့ဖြစ်ခဲ့တယ်။ Art style တွေစမ်းတယ်၊ Digital Art ဆိုတဲ့ Art Medium ကို ထိတွေ့ခွင့်ရခဲ့တယ်၊ အဲဒီအထိ အကောင်းပဲ၊ ဘယ်မှာစပြီး ငွေရှာချင်စိတ်တွေ စဖြစ်လာလဲဆိုတော့ Art နဲ့ ပတ်သတ်တဲ့ Contents ကို YouTube မှာ ဆက်တိုက်ကြည့်ပြီး အခြားအားတစ်တွေ ပန်းချီကနေ ဝင်ငွေလမ်းကြောင်းတွေ ဘယ်လိုဖန်တီးနေကြလဲကို သိလိုက်ရတဲ့အချိန်ပဲပေါ့။
ကိုယ်က ဝါသနာအဖြစ်နဲ့ ဆွဲလိုက်၊ art volunteer အနေနဲ့ ဝင်လုပ်လိုက် ပျော်ပျော်ကြီးလုပ်နေခဲ့တုန်းကလည်း ပြဿနာမရှိခဲ့ဘူး၊ လိုအပ်တဲ့ Skill တွေဖြည့်တယ်၊ စဆွဲတုန်းကနဲ့ အခုဆိုရင် လက်ရည်လည်း ကွာခြားလာပြီ။ အဲ... Art Commission တွေရဖို့၊ လူများများမြင်အောင် Vlog တွေရိုက်၊ ပျော်သလို လုပ်နေရာကနေ ငွေရှာမယ်ဆိုပြီး ဦးတည်ချက်ပြောင်းလိုက်တဲ့အခါ ဒီဝါသနာကလေးဟာ ကိုယ့်အတွက် တဖြည်းဖြည်းနဲ့ ဖိအားဖြစ်လာခဲ့တယ်။
ဆွဲနေတဲ့ပုံက လှသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်စိတ်လေးအေးချမ်းပျော်ရွှင်နေတာကို စိတ်မဝင်စားတော့ဘဲ ပုံလှလည်း ဘာလုပ်ရမှာလဲ၊ ပျော်လည်း ဘာလုပ်ရမှာလဲ၊ ငွေမှ မရတာလေ၊ ဘယ်သူမှ ငါ့ပုံတွေကို မအပ်ချင်တာ၊ ပုံတွေက ဘယ်တော့မှ မလုံလောက်နေဘူး၊ တအားလိုအပ်နေသေးတယ်၊ ဆက်လေ့ကျင့် ဆက်လေ့ကျင့်....
လနဲ့ချီပြီး ပန်းချီကို မထိဖြစ်တော့တဲ့ကာလတွေ ရှိလာတယ်၊ ပုံဆွဲတုန်း ငါဘာလို့ဒါတွေလုပ်နေတာလဲ အပြစ်တင်စိတ်တွေ ဝင်လာလို့ ပြီးအောင်မဆွဲဖြစ်တော့တဲ့ ပုံတစ်ဝက်တန်းလန်းတွေ အများကြီးပေါ့။
ဒီလိုနဲ့ ကိုယ် တစ်ခုခုကို ပြောင်းကြည့်ဖိုလုပ်တယ်၊ Mindset ပေါ့၊ သူ့ကို ပြောင်းဖို့လိုနေတာ။ Art ကနေ၊ ဝါသနာပါရာကနေ ဝင်ငွေလမ်းကြောင်း သေချာတည်ဆောက်နေကြတဲ့သူတွေရှိတယ်။ ဒါပေမဲ့ တချို့အတွက် ဝါသနာသည် ဝါသနာပဲလို့ လက်ခံလိုက်တဲ့အချိန် ကိုယ်ပန်းချီကို စိတ်ရှင်းရှင်းနဲ့ ပြန်ထိလို့ရသွားတယ်။ Art Commission တွေလက်ခံဖို့ Foreign Payment တွေ မဖြစ်နိုင်ပေမဲ့ တအားလိုချင်နေခဲ့တာ၊ ပုံလေးတွေကို ကြိုက်လို့လာအပ်မယ့် Client တွေကို တအားမျှော်နေခဲ့တာတွေ အကုန်စိတ်ထဲကနေ ပျောက်သွားတယ်။ လစာရမယ့် အခြားအလုပ်ကို လုပ်နေခဲ့တယ်၊ တစ်ဖက်ကနေ ကိုယ့်စိတ်ကို အေးချမ်းစေမယ့် ဒီပုံလေးတွေလည်း ဆက်ဆွဲနေခဲ့တယ်။
အခုဖတ်နေတဲ့သူရော ငွေငွေငွေဆိုပြီး ဘယ်အပိုင်းတွေကို စွန့်လွှတ်လိုက်ရလဲ၊ လုပ်ချင်တာတောင် မလုပ်ဖြစ်တော့ဘဲ ငွေကြောင့် အချိန်လုနေရတာတွေ ရှိနေလား၊ သေချာပြန်တွေးကြည့်ဖူးလား။ ငွေဟာ အရေးပါတယ်၊ ဒါပေမဲ့ ငွေမရဘူးဆိုပြီး ကိုယ်ပျော်ရာကို ရပ်တန့်မပစ်လိုက်သင့်ဘူးဆိုတာပါပဲ။ စံကတော့ Creative Spark ပျောက်သွားတဲ့အထိ ငွေနဲ့ ပျော်ရွှင်မှု ဒီနှစ်ခုကို လဲခဲ့မိဖူးလို့ အတွေးလေးဝင်လာတဲ့အတွက် ဒီစာကို ရေးဖြစ်ပါတယ်။ ပုံအပ်ထည်တွေက လုံးဝမရတာလားဆိုတော့ မဟုတ်ဘူးရယ်၊ ရခဲ့တဲ့ Fee လေးတွေနဲ့ အမေ့ကို ပိုက်ဆံအိတ်နဲ့ ဖိနပ် လက်ဆောင်ဝယ်ပေးဖူးတယ်၊ ကြောင်ဂေဟာလေးဆီ ငွေထည့်ဖူးတယ်၊ ဒီလောက်ပါပဲ။
အခုလည်း အများကြီး မမှန်းထားဘူး၊ ပုံလေးတွေဆက်ဆွဲချင်တယ်၊ Art Content လေးတွေ ရိုက်ဖြစ်သွားမယ်။
ဒီနေ့ရေးဖြစ်တဲ့ ကိုယ့်အကြောင်းလေးနဲ့ ဆက်စပ်တဲ့ YouTube Video တစ်ပုဒ်ရှိတယ်၊ အမြင်သစ်ရချင်ရင်ဖြစ်ဖြစ် E skill အတွက် နားထောင်ချင်ရင်ဖြစ်ဖြစ် ဝင်ကြည့်သွားလို့ရပါတယ်၊ Sketchbook Skool Channel ကြောင့် ပန်းချီနဲ့ပတ်သက်ပြီး ကိုယ့်အမြင်တချို့ ပြောင်းလာတယ်လို့ ပြောလို့ရတယ်
https://youtu.be/MY7kJXYzNGQ?si=pX0ltSGQV5001sN7

Comments
Post a Comment